မြန်မာပြည် အနောက်စွန်းမှ မြို လူမျိုးအကြောင်း
မြန်မာပြည် အနောက်စွန်းမှ "မြို"တိုင်းရင်းသားများ
=================================
တိုင်းရင်းသားတို့ကို မရုပ်၊ မရူ၊ မရို၊ မြိုဟုခေါ်ကြသည်။ ရှေးကျသောအခေါ်တစ်စုမှာ "မယွန်"ဖြစ်သည်။ မြိုတို့က မိမိကိုယ်မိမိ မရူမစာ၊ မရူသားဟုလည်း ခေါ်ကြသည်။ လူ၏သားဟု အဓိပ္ပာယ်ရ၏။ ၁၉၃၁ ခုနှစ် သန်းခေါင်စာရင်း အရ ရခိုင်ပြည်နယ်တွင် မြိုတိုင်းရင်းသား ၁၄၀၀၀ ခန့်ရှိသည်ဟု သိရသည်။ ယခုအခါ လူဦးရေ ၄၀၀၀၀ ကျော်ခန့်ရှိနှင့်ပြီဟု ဆို၏။ ပုဏ္ဏားကျွန်းမြို့နယ်နှင့် ကျောက်တော်မြို့နယ်တို့တွင် ခမီလူမျိုးများနှင့် ရောနှောနေထိုင်ကြသည်။ ဒေသနှင့် ပထဝီအနေအထားအရ စပ်ဟပ်လျက်ရှိသော စစ်တကောင်းဒေသတွင် ၄၀၀၀ ကျော်ခန့်ရှိနိုင်သည်။ မြိုတို့သည် ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် အကြီးတော်မတိုက်နယ်၊ ရမ်းချောင်းတိုက်နယ်၊ ကျောက်တော်မြို့နယ် သရီချောင်း၊ ပီချောင်း၊ ယိုးချောင်း၊ ဘောမိရွာ၊ လမ်းမတော်ရွာ၊ မာလာရွာ၊ ပုဏ္ဏားကျွန်းမြို့နယ် စမ်းပတီးချောင်း၊ တောဖျားချောင်း၊ ကြိမ်ချောင်း၊ မောင်းမချောင်း၊ ဘူးသီးတောင်မြို့နယ် စိုင်းဒင်ဒေသ၊ မောင်တောမြို့နယ် အင်တူလာ၊ ဘော်တူလာနှင့် ချင်းပြည်နယ် ပလက်ဝြမို့နယ် မီးချောင်းဒေသတို့တွင် ဖြန့်ခွဲနေထိုင်ကြသည်။
ဆင်းသက်ပေါက်ဖွား မြိုတိုင်းရင်းသား
မြိုတိုင်းရင်းသားများဆင်းသက်လာပုံနှင့် ပတ်သက် ၍ ရှေးယခင်နှစ်ပေါင်းများစွာက အဖြစ်အပျက်ကို လက်လှမ်းမီသလောက် အဘိုး အဘွားတို့က ဦးနှောက်ဖြင့် မှတ်သားခဲ့ပြီး လက်ဆင့်ကမ်းပြောဆိုလာခဲ့သည့် ရှေးရိုး စကားပုံပြင်၊ ရခိုင်မှတ်တမ်းများနှင့် သုတေသီ သမိုင်း ပညာရှင်များ၏ အယူအဆများကို အားကိုးအားထား ပြုလျက် တင်ပြပါသည်။
စဉ်လာထိန်းထား ရှေးရိုးစကား
လွန်ခဲ့သော နှစ်ပေါင်း ၁၀၀၀ ကျော်ခန့်က မဇ္စျိမဒေသတစ်နေရာတွင် ကုသ၀တီပြည်ရှိလေသည်။ ထိုတိုင်းပြည်တွင် ဝါရဓမ္မတူအမည်ရှိ ဘုရင်အုပ်ချုပ်စိုးစံ ခဲ့၏။ အခြားမင်းတစ်ပါးသည် ဝါရဓမ္မတူအား စစ်သည် ဗိုလ်ပါများစွာဖြင့် ဝင်ရောက်တိုက်ခိုက်လေရာ အရေး နိမ့်ပြီး မင်းညီမင်းသား ဆွေတော်မျိုးတော်အပေါင်းတို့ အသက်ဘေးမှ လွတ်မြောက်ရန် ထွက်ပြေးတိမ်းရှောင်ခဲ့ရ သည်။
ကုသ၀တီပြည့်ရှင် ဝါရဓမ္မတူ၏ သားတော် ခွာဇာ ပတိသည် အာသံ၊ မဏိပူရဘက်သို့ နောက်လိုက်နောက်ပါ တစ်သောင်းခန့်နှင့် ရောက်ရှိခဲ့ကြသည်။ အာသံဘုရင်သည် ခွာဇာပတိအား ခြောက်လ၊ တစ်နှစ်ခန့်လောက်သာ ခိုလှုံခွင့်ပြုခဲ့သည်။ ကာလစေ့မြောက်သောအခါ ခွာဇာ ပတိသည် အာသံဘက်မှ က္ဆပနဒီမြစ်ဖျား နီလာ ပန်းတောင်၊ ကျောက်ပန်းတောင်တစ်ဝိုက်သို့ ရောက်ရှိ လာကြပြီး ခွာဇာပတိမင်းသည် နောက်လိုက်နောက်ပါတို့ အ္တရာယ်ကင်းရှင်းစွာဖြင့် တစုတစည်းတည်း နေထိုင် နိုင်ရန်နှင့် ကာကွယ်ရန်အလို့ငှာ ခြံစည်းရိုးခုနစ်ထပ်ကာရံ လျက် အုပ်စိုးခဲ့သည်ကို မြိုဘာသာစကားအရ "မရုပ်နေ့ ဆရိကာအတ်ဒတ်"ဟု ခေါ်ကြသည်။ သို့သော် တစ်သောင်းမျှသောလူစုလုံး၏ စားသောက်သွားလာ နေထိုင်မှုနှင့် ရိက္ခာဖူလုံရေး တာဝန်ယူရသည်မှာ စစ်ပြေးချိန်မှတစ်ပါး တာဝန်ယူရသည်မှ မသေးငယ်လှ သလို ရေရှည်သွားလာနေထိုင်မှုလည်း လွယ်ကူမှု မရှိ နိုင်ပေ။
ထို့ကြောင့် ဘုရင်သည် မိမိအုပ်စုကြီးအား ကစ္ဆပနဒီ မြစ်ဖျားအရပ်ရှိ စိမ်းလန်းစိုပြည်၍ အသီးအနှံဖြစ်ထွန်းမည့် နေရာဒေသအသီးသီးသို့ ခြံဝိုင်းကြီးမှ ခွဲထွက်စေပြီး ဥဿ လင်းချောင်း၊ ကလက်ချောင်းနှင့် မီးချောင်းဒေသများတွင် အုပ်စုခွဲကာနေထိုင်စေခဲ့သည်။ ခြံစည်းရိုးအတွင်းမှ သီးခြား အုပ်စုခွဲနေထိုင်ရန် ထွက်လာသူတို့ကို "မရုပ်"ဟု ခေါ်ဆို သုံးနှုန်းသည့် အသုံးအနှုန်းမှသည် "မရို"ဟုခေါ်ဆိုကြ သည်။ ယနေ့တိုင် စွဲမြဲနေထိုင်လာခဲ့ကြသော ပလက်၀ မြို့နယ် မီးချောင်းဒေသရှိ မြိုတို့ကို မရို(ခေါ်)ပါကမ်းဟူ၍မှတ်သားသုံးစွဲလျက်ရှိသေးကြောင်း တွေ့ရသည်။ ဥဿလင်းချောင်းနှင့် ကလက်ချောင်းအရပ် အုပ်စုခွဲ နေထိုင်သူတို့ကို ယခုအခါ ယင်းအရပ်ဒေသတွင် မတွေ့ ရှိရတော့ပေ။ ဒေသနှင့် ပထဝီအနေအထားအရ စပ်ဟပ် လျက်ရှိသော ရခိုင်နယ်မြေတိုင်းကြီး တစ်ဆယ့်နှစ်တိုင်းဝင် အရပ်ဖြစ်သည့် "မြုံထောင်"အရပ်သို့ တိုင်းပြောင်းရွှေ့ နေထိုင်ခဲ့ခြင်းကြောင့်ပင်ဖြစ်သည်။ ယခုအခါတွင် အားလုံး ကို မြိုဟူ၍ ပြောင်းလဲခေါ်တွင်နေကြကြောင်း တွေ့ရပေမည်။
ရခိုင်သမိုင်းများ၏အလို
ရခိုင်ဒေသသို့ မြိုလူမျိုးများ စတင်အခြေချမှုနှင့် ပတ်သက်၍ ရခိုင်သမိုင်းတွင် ခြေရာကောက်ယူနိုင်ပေ သည်။ ရခိုင်လူမျိုးများသည် မြောက်ဘက်မှ ဝင်ရောက် လာရာ မြိုလူမျိုးစုတို့မှာ အဆိုပါဒေသတွင် ရှိနှင့်ပြီး ဖြစ်သည်ဆို၏။ ရခိုင်နှင့်မြိုတို့မှာ တစ်သွေးတည်း၊ တစ်သား တည်း မျိုးနွယ်တူဖြစ်ရာ တစ်မြေတည်းနေ၊ တစ်ရေတည်း သောက်ခဲ့ကြသည်။
ပထမ ဓည၀တီမြို့ကို တည်ထောင်ကာ ရခိုင် မင်းဆက်ကိုစတင်ခဲ့သော သူရဲကောင်းမျိုးဆက် မာရယု သည် မြိုအကြီးအကဲတစ်ဦး၏သမီးနှင့် ထိမ်းမြားလက်ဆက် ခဲ့သည်။ ထို့နောက် ရခိုင်နှင့် မြိုလူမျိုးတို့ ပူးပေါင်းကာ ကုလားတန်မြစ်ဝှမ်းတစ်ဝိုက် မင်းမူဆိုးသွမ်းနေကြသော လူရိုင်း(ဘီလူး)များကို တိုက်ခိုက်အောင်မြင်ခဲ့သည်ဟု ရခိုင်သမိုင်းများက ဆိုပေသည်။
မြိုလူမျိုးများသည် ဤသို့ ရခိုင်လူမျိုးများနှင့် အတူ တကွ နေထိုင်လာခဲ့ကြရာ ဝေသာလီခေတ်ကုန်ခါနီးတွင် "မြို"လူမျိုးသုံးဦး ဘုရင်ဖြစ်လာခဲ့သော သမိုင်းကြောင်းမှာ ရခိုင်သမိုင်းတွင် ထင်ရှားခဲ့သည်။ ဝေသာလီ ကျောက်လှေကားခေတ်တွင် စူဠစနြ္ဒားမင်းနတ်ရွာစံပြီး နောက် မင်းဆက်ပြတ်ခဲ့ရာ စန္ဒာဒေဝီမိဖုရားသည် ဘုရင်ကြီးမှာခဲ့သည့်အတိုင်း မိမိလက်စွပ်ဖြင့် တန်သူကို ရှာဖွေခဲ့ရာ မတွေ့၍ ချောင်းဖျား၊ မြောင်းဖျား၊ တောတောင် အနှံ့ ထပ်မံရှာဖွေစေသည်။ ထိုအခါ ပလက်ဝြမို့နယ် မီးချောင်းဒေသ ဆားဝကျေးရွာနေ အဆင်း၊ ခွန်အား၊ စွမ်းအားနှင့် ပြည့်စုံသော မြိုလူမျိုးညီအစ်ကို အမြတူ၊ အမြကူနှင့် သားပဲဖြူသုံးဦးတို့နှင့် လက်စွပ်တန်သည်ဖြစ်၍ ဝေသာလီမြို့တော်သို့ ဆောင်ယူခဲ့သည်။ ၎င်းနောက် သက္ကရာဇ် ၁၃၁- ခု(အေဒီ - ၇၆၉)ခုနှစ်တွင် အစ်ကိုအမြတူ အား မင်းအဖြစ်တင်မြှောက်၍ ညီအမြကူကို အိမ်ရှေ့အရာ နှင်းသည်။ သားပဲဖြူကို မြောက်ဦးမြို့ကိုစားစေသည်။
ရခိုင်ဒေသမှာစိုးစံခဲ့သော မင်းအဆက်ဆက်တွင် မြိုလူမျိုး အမြတူ၊ အမြကူ၊ ပဲဖြူဟူ၍ မင်းသုံးဆက်တိုင် ဝေသာလီ၌ အုပ်ချုပ်ခဲ့ဖူးသည်။ ထိုမင်းသုံးဆက်ကို ရခိုင် ရာဇဝင်တွင် ရခိုင်မင်းဟုမဖော်ပြဘဲ ]]မရမာမင်း}}ဟုသာ ဖော်ပြထားသည်ကိုတွေ့ရသည်။
မရမာသည် ရခိုင်သားတို့ ခေါ်ဆိုခြင်းဟုမှတ်သား နိုင်၏။ မြိုမင်းလက်ထက် မြိုလူမျိုးတို့ကိုလည်း ရာဇဝင် တွင် မရမာဟု ခေါ်တွင်ခဲ့သည်။ ရခိုင်၊ မြို(မြုံ)၊ မရမာ၊ မရမာကြီးတို့မှာ တစ်ခရာတည်းသာဟု လေးကိုင်းသေနတ် ဝန်မင်း၏ ရခိုင်ရာဇဝင်တွင် ရေးထားပါသည်။
မရမာမင်း၊ မရမာ၊ မရမာကြီးတို့သည် တစ်ချိန်တည်း၊ တစ်ခေတ်တည်း ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။ ရခိုင်၊ မြို တို့ကို မရမာဟု ခေါ်တွင်ခဲ့ခြင်းသည် သမိုင်းကြောင်း တွင်သာ တွင်ကျန်ရှိနေပြီး ရခိုင်၊ မြိုဟုသာလျှင် သုံးနှုန်း လာခဲ့ကြသည်။ သို့ရာတွင် "ကုလားကမ်းခွာ၊ မရမာ ကမ်းကပ်"ဆိုသောစကားပုံကို ရခိုင်တို့ ယနေ့တိုင် လက်ခံ သုံးစွဲနေသေးကြောင်း တွေ့ရသည်။ မြိုလူမျိုးတို့သည်လည်း မရမာစကားရပ်မှ မရစာ၊ မရူစာဟု လက်ခံသုံးစွဲမှုများရှိနေ သေးသည်။ မရမာကို ယခုအခါ စစ်တကောင်းတောင်တန်း ဒေသ ဗိုလ်မင်းထောင်အရပ်ရှိသူတို့က မရမာလူမျိုးဟုပင် ခံယူသုံးစွဲလာသည်ကို တွေ့ရသည်။
ရခိုင်သမိုင်းအခန်းကဏ္ဍတွင် အခြားထင်ရှားသော "မြို"လူမျိုးတို့နှင့်ပတ်သက်၍ ချီးမြှင့်မြှောက်စားမှုကို လေးမြို့ခေတ်၊ ဒုတိယပုရိန်မြို့က ဒဿရာဇာမင်း(အေဒီ- ၁၁၂၃-၁၁၃၉)လက်ထက်တွင် တွေ့ရသည်။ ထိုအချိန် တွင် ရခိုင်ဘုရင်အဆက်ဆက် ကိုးကွယ်ခဲ့ကြသော မဟာ မုနိရုပ်ပွားတော်ကြီးမှာ လက်ျာမင်းနန်ကို နန်းတင်လာခဲ့ ကြသော ပုဂံသားတို့က ပင့်ဆောင်ရာ မရ၍ ဖိုကျင် တစ်ထောင်ဖြင့်ထိုးလေရာ မူလနေရာ သီရိဂုတ္တတောင် သိမ်တော်မှ ကွယ်ပျောက်ခဲ့သည်ဟု ဆိုပေသည်။ ဒဿ ရာဇာမင်းလက်ထက်တွင် တိုင်းပြည်အေးချမ်းသာယာပြီ ဖြစ်သဖြင့် ရှေးရိုးစဉ်ဆက် ကိုးကွယ်ခဲ့သော မဟာမုနိ ရုပ်ပွားတော်အား အောက်မေ့တသသ သဒ္ဓါပွားလျက်ရှိရာ အမတ်ကြီးလက်ျာကို ဆုလာဘ်ပေး၍ ရှာဖွေစေသည်။ မတွေ့ရှိရချေ။ နောက်ဆုံးတွင် ချောင်းဖျား၊ မြောင်းဖျား၊ တောနားတောင်နားတွင် လုပ်ကိုင်စားသောက်ကြသော မြိုလူမျိုးရဟောင်လာ၊ အပေါင်လာတို့ အကူအညီ လမ်းòန်မှုဖြင့် မဟာမုနိရုပ်ပွားတော်ကိုချောင်းဖျားငယ် တစ်ခုတွင် လည်တော်တိုင်မြေဖုံး၍ တွေ့ရသည်။
ပင်မလာဂတ်မင်၏ ဘွဲ့ယူစာတမ်းတွင်ကား "During the 12th century, two Mros are said to have helped Datgaraza, King of Arakan in his search for the Mahamuni Image" ဟူ၍ အမြွက်မျှဖော်ပြခဲ့သည်။ အဆိုပါ မြိုလူမျိုးနှစ်ဦးအား ပတ္တမြားလက်စွပ်ကိုပေး၍ ချီးမြှင့်မြှောက်စားခဲ့သည်။
ပညာရှင်များ၏အဆို
ပြည်ထောင်စုမြန်မာနိုင်ငံ တိုင်းရင်းသားယဉ်ကျေးမှု ရိုးရာဓလေ့ထုံးစံ(ချင်း)စာအုပ်တွင် မြိုတိုင်းရင်းသားများ သည် ခူမီး(ခမီး)တို့နှင့် မျိုးနွယ်တူများဖြစ်ကြောင်း၊ "မြို" ဆိုသည်မှာ ရခိုင်တို့ကပေးထားသော အမည်ဖြစ်ကြောင်း၊ ယင်းတို့သည် မြောက်ပိုင်းချင်းတောင်မှ ခူမီး(ခမီး)များနှင့် ခွဲကာ မီးချောင်း၊ ရမ်းချောင်း၊ သရီချောင်းအတိုင်း စုန်ဆင်း သွားကြသူများဖြစ်မည်ဟုထင်ရကြောင်း၊ အချိန်ကာလ ကြာညောင်းခြင်း၊ ဒေသကွဲသွားခြင်း၊ အဆက်အသွယ် နည်းပါးသွားခြင်းတို့ကြောင့် ခူမီးတို့နှင့် ပြောဆိုသော စကားများ ကွဲပြားသွားခြင်းဖြစ်မည်ဟု ယူဆစရာရှိကြောင်း ရေးသားဖော်ပြထားပါသည်။
ပါမောက္ခလုစ်က သူ၏ ခေတ်ဟောင်းမြန်မာကဏ္ဍစာအုပ်တွင် မြိုလူမျိုးများသည် ရခိုင်ဒေသသို့ မြန်မာပြည် အလယ်ပိုင်းဒေသမှတစ်ဆင့် ရောက်ရှိလာသူများဖြစ်နိုင် ကြောင်း၊ ဘာသာစကားဖြင့် သက်၊ ကဒူး၊ ကရင်နှင့် ဆက်နွှယ်မှုရှိကြောင်း၊ ရှေးကျသော မြန်မာတိုင်းရင်းသား များပင်ဖြစ်ကြောင်း၊ ထို့အပြင် ရှေးကျသော မွန်တို့၏ လွှမ်းမိုးမှုအရိပ်အရောင်အနည်းငယ်တွေ့ရကြောင်း၊ ချင်း လူမျိုး၊ ခမီးလူမျိုးတို့နှင့်မူ ပို၍သိသာသော ဆက်နွှယ်မှုရှိ ကြောင်း ရေးသားထားပါသည်။
ဆရာထွန်းရွှေခိုင်က မြိုလူမျိုးတို့သည် ဘာသာ စကားအရ သက်၊ ကဒူးများနှင့်လည်း ဆက်နွှယ်မှုရှိသည်။ သက်-ကဒူးတို့သည် ခရစ်နှစ် ၉ ရာစုလောက်တွင် ဟူးကောင်းတောင်ကြားနှင့် ဥရုချောင်းဖျားသို့ ရောက်နေ ကြပြီးဖြစ်သည်။ နောင်အခါ ချင်းတွင်းမြစ်သို့ စုန်ဆင်းခဲ့ရာ မဏိပူရ်ဘက်သို့လည်းကောင်း၊ ဘင်္ဂလားဒေ့ရ်ှဘက်သို့လည်းကောင်းပျံ့နှံ့သွားသည်။ ဤအဆိုအရ ယခု စစ်တောင်း ဒေသတွင် တွေ့ရှိရသည့် "မြို"များနှင့် ရခိုင်ပြည်နယ် မြောက်ပိုင်း စိုင်းဒင်မြစ်ဖျားဒေသရှိ "မြို"များမှာ ဤအနွယ်များမှ ဆင်းသက်နိုင်စရာအကြောင်းရှိပေသည် ဟု ရေးသားထားပါသည်။
ထို့ကြောင့် ပုံပြင်ဒဏ္ဍာရီအထောက်အထားများ၊ ရခိုင်သမိုင်းများ၏ အဆိုနှင့် သမိုင်းပညာရှင်များ၏ ယူဆချက်များအရ "မြို"တိုင်းရင်းသားများသည် လွန်ခဲ့ သော နှစ်ပေါင်းများစွာမှစ၍ ရခိုင်ဒေသ၌ ရခိုင်တိုင်းရင်းသား သွေးချင်းများနှင့် တစ်အူထုံ့ဆင်းများ ဖြစ်ကြသည့်အပြင် ကံကြမ္မာချင်းနှင့် သမိုင်းကြောင်းတို့ ဆက်နွှယ်ရောယှက် လျက်ရှိသည့် သမိုင်းကွင်းဆက်များကို တွေ့ရှိရ ပေမည်။
မြိုလူမျိုးတို့သည် ရခိုင်ရိုးမတောင်ကုန်း၊ တောင်တန်း နှင့် ချင်းတောင်တန်းတို့တွင် ချင်းမျိုးနွယ်စုများနှင့် ရောနှော နေထိုင်လာခဲ့ကြသဖြင့် ဓလေ့ထုံးစံများလည်း တူညီမှု ရှိလာခဲ့သည်။ ထို့ကြောင့် ချင်းမြိုလူမျိုးနှင့် ရခိုင်မြိုလူမျိုး ဟူ၍ သီးခြားရှိနေသကဲ့သို့ ဖြစ်လာခဲ့ရသည်။
ဤသို့ ရခိုင်သမိုင်းများတွင် ဖော်ပြပါရှိချက်အရ လည်းကောင်း၊ နှောင်းပိုင်းသုတေသီတို့၏ ဖော်ထုတ်ချက် အရလည်းကောင်း၊ တစ်နည်းနည်းဖြင့် ရခိုင်ဒေသသို့ ရောက်ရှိခဲ့ကြမည်ဖြစ်သော မြိုတိုင်းရင်းသားများသည် ရခိုင်ပြည်မြောက်ပိုင်းကုလားတန်၊ လေးမြို့မြစ်ဝှမ်းသို့ တစ်သုတ်ပြီးတစ်သုတ် အခြေချခဲ့ကြပေမည်။ ရခိုင် တိုင်းရင်းသားများထက် စောစီးစွာရောက်ရှိ၍ အခြေချ နေထိုင်သူများရှိသလိုပင် နောက်ပိုင်းမှ ဝင်ရောက်လာ ကြသူများအဖို့ မြေပြန့်ရှိ မြို့ပြတည်ထောင်နေသော ရခိုင် လူမျိုးအုပ်စုများနှင့်တိုးမိ၍ နောက်ကြောင်းပြန်လှည့်ကာ ယခု စိုင်းဒင်မြစ်ဖျားဒေသနှင့် စစ်တကောင်းဒေသသို့တိုင် ရောက်ရှိသွားခြင်းမျိုးလည်း ဖြစ်နိုင်သည်။ ဤသို့ တောတောင်အမှီပြုကာ နေထိုင်လာခဲ့ကြသော "မြို"လူမျိုးတို့သည် ရခိုင်ရိုးမတောင်ကုန်း၊ တောင်တန်းနှင့် ချင်းတောင်တန်းတို့တွင် ချင်းမျိုးနွယ်စုများနှင့် ရောနှော နေထိုင်လာခဲ့ကြသဖြင့် ဓလေ့ထုံးစံများလည်း တူညီမှု ရှိလာခဲ့သည်။ ထို့ကြောင့် မြိုတိုင်းရင်းသားတို့သည် ပင်ကို အားဖြင့် တောင်ပေါ်သားများဖြစ်ကြ၍ မြေပြန့်စပါး စိုက်ပျိုးခြင်းကို မနှစ်သက်၊ မကျွမ်းကျင်ကြပေ။ တောင်ယာ စိုက်ပျိုးခြင်း၊ အမဲလိုက်ခြင်း၊ တိရစ္ဆာန်မွေးမြူခြင်းစသည့် တိုးတက်မှုနှေးကွေးသောအသက်မွေးမှုများနှင့် ကျင်လည် နေခဲ့ကြသည်။
ရခိုင်ဒေသတွင် "မြို"တို့၏ အခန်းကဏ္ဍသည် မှေးမှိန်ပျောက်ကွယ်သွားခြင်းမရှိဘဲ ရခိုင်၊ ခမီ၊ မရမာကြီး၊ သက်၊ သက္ကမ(ဒိုင်းနက်)စသော တိုင်းရင်းသားများနည်းတူ အချင်းချင်း အတူတကွ ရောနှောနေထိုင်ခဲ့ကြသည်။ ကိုယ်ပိုင်ဘာသာစကား၊ ကိုယ်ပိုင်ယဉ်ကျေးမှုဓလေ့များဖြင့် တစည်းတရုံးတည်း နေထိုင်ကြသူများပင်ဖြစ်သည်။ ဤသို့သောသမိုင်းကြောင်းများကိုအခြေခံ၍ မြန်မာနိုင်ငံ အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားမျိုးနွယ်စု ၁၃၅ မျိုးထဲတွင် တိုင်းရင်းသားလူမျိုးတစ်မျိုးအနေဖြင့် ရှင်သန်ရပ်တည် နေထိုင်လာခဲ့ကြသော သမိုင်းပေး ညီအစ်ကိုများပင် ဖြစ်ကြပေသည်။
မှီငြမ်းကိုးကား
၁။ တိုင်းရင်းသားယဉ်ကျေးမှုနှင့်ရိုးရာဓလေ့ထုံးစံ (ချင်း၊ ရခိုင်)
၂။ မြိုလူမျိုးတို့၏ ရှေးဦးသမိုင်း- ထွန်းရွှေခိုင်
(စစ်တွေကောလိပ်မဂ္ဂဇင်း ၁၉၈၄-၈၅)
၃။ ရခိုင်ရာဇဝင်သစ်ကျမ်း- အသျှင်စန္ဒမာလာ လင်္ကာရ
၄။ ဓည၀တီရာဇဝင်သစ်- ဆရာတော်ဦးဥာဏ
၅။ ခေတ်ဟောင်းမြန်မာကထာ-
ပါမောက္ခလုစ်
၆။ ခေတ်ဟောင်းမြန်မာရာဇဝင်-
ဒေါက်တာသန်းထွန်း
၇။ မေယုတောင်စွယ်ကြားက သွေးချင်းမောင်မယ် များ- သျှင်ထွေးယဉ်(မနုဿ)
၈။ "မြို"တို့၏လက်ထပ်ထိမ်းမြားခြင်းနှင့် သားမက် ခေါင်းပေါင်းတင်မင်္ဂလာ- မောင်မောင်ကျော့ (ပလက်၀) (နိုင်ငံ့ဂုဏ်ရည်မဂ္ဂဇင်း ၁၆၅/ ၂၀၁၃)
https://issu.com//km_11.8.2019…//http://www.moi.gov.mm/npe/km
Comments
Post a Comment